နှောင်တွယ်ရစ်သောသံယောဇဉ်
=====================
၁၉၉၅ခုနှစ်..မကွေးမြို့..တပ်ရင်း×××၏တပ်ဝင်း
အတွင်း..စစ်ဆင်ရေးထွက်ခွာခါနီးအချိန်ကာလ..
ကားတွေလူတွေအားလုံးထွက်ခွာရန်အဆင်သင့်
ဖြစ်နေကြပြီ...
အရာရှိ အရာခံ အကြပ် စစ်သည်များအားလုံး
လည်းမိသားစုအလိုက်အသီးသီး တစ်ဦးနှင့်တစ်ဦး
မှာတမ်းချွေလိုမဆုံးနိုင်ကြ..
ထိုအထဲတွင် ဗိုလ်ကြီးဝင်းစိုးနှင့်မနှင်းတို့ဇနီး
မောင်နှံလည်း အပါအဝင်ပင်..
"နှင်း...သားနဲ့သမီးကိုဂရုစိုက်..မောင်စိတ်ချမယ်
နော်...မောင်မရှိတဲ့အချိန်သားနဲ့သမီးကိုဂရုစိုက်တာ..
မောင့်ကိုဂရုစိုက်တာနဲ့အတူတူပဲ..နှင်းလဲနေ
ကောင်းအောင်နေ...ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါမောင်ရယ်..နှင်းတို့သားအမိတွေအ
တွက်စိတ်မပုပါနဲ့..မောင်လဲအစစအရာရာ
ဂရုစိုက်နော်..
ဘုရားတရားလဲမမေ့နဲ့..နှင်းလည်းမောင့်အတွက်
အန္တရာယ်ကင်းအောင်ဘုရားမှာဆုတောင်း
အဓိဋ္ဌာန်လုပ်ပေးပါ့မယ်"
ပြောရင်း... နှင်းအသံမှာတိမ်ဝင်တိုးလျသွားသည်..
ပြီးမှအနိုင်နိုင်အားတင်းသောအသံဖြင့်.....
"မောင်...ကားထွက်တော့မယ်..တက်တော့နော်"
ဟုဆိုမိလေသည်..
"ဟုတ်ပါပြီနှင်းရဲ့..တက်မှာပေါ့..မသွားခင်သား
နဲ့သမီးကိုတော့ အားရပါးရနမ်းပါရစေဦး"
ဗိုလ်ကြီးဝင်းစိုး ပြောပြောဆိုဆို
ကလေးနှစ်ယောက်လုံးကိုပွေ့ချီ၍ အားရပါးရမွှေးကြူပြီးနောက်...
ချစ်ဇနီးထံပြန်လွှဲပေးရင်း..ချစ်ဇနီးနဖူးပြင်ကိုပါ နှုတ်ဆက်အနမ်းတစ်ချက်ပေးကာ..
"ကဲ..နှင်း...မောင်ကားပေါ် တက်တော့မယ်..စိတ်ချမယ်နော် "
ဟုပြောရင်း ကားပေါ်တက်သွားသည်..။
ဤမှာပင်....
ယာဉ်တန်းကြီးတစ်ခုလုံး တရွေ့ရွေ့မောင်းနှင်ကာ ရှေ့တန်းစစ်မျက်နှာဆီသို့ ဦးတည်ထွက်ခွာသွားလေတော့ပြီ...။
~~~~~~~~~~~~~~~~~~~~
စစ်ဆင်ရေးထွက်ပြီး နှစ်ရက်မြောက်နေ့
--------------------------------------
မောင် စစ်ဆင်ရေးထွက်သည့်အချိန်နေ့ရက်မှ
စပြီး နှင်းတယောက်လည်း နေ့နေ့ညည ပန်းရေချမ်းဆီမီးကပ်လှူပူဇော်၍ မောင့်အတွက်ဆုမွန်ကောင်းတောင်းပေးရင်း
ဘုရားစင်မှ မခွာနိုင်အောင် ဖြစ်နေရလေသည်...။
သို့သော်...........
နှင်း၏ဆုတောင်းကားမပြည့်ခဲ့ပါချေ..
ထိုညနေ....နှင်းတစ်ယောက် သောက်တော်ရေချမ်းများ လဲရန် ဘုရားစင်မှ သောက်တော်ရေခွက်များကို လှမ်းယူလိုက်သည်
တွင်လက်တွင်းမှေချာ်ကာ အောက်သို့ပြုတ်ကျသွားလေတော့သည်...
'"ခွမ်း....."
"ဟင် ....သောက်တော်ရေခွက်တွေ ကွဲကုန်ပြီ ဘုရား...ဘုရား...မောင်ဘာမှ မဖြစ်ပါစေနဲ့
အန္တရာယ် ကင်းပါစေ''
နှင်းနှုတ်မှ တတွတ်တွတ်ရွတ်ရင်းစိတ်ထဲမှလည်း မောင့်အတွက် ပူပန်မိကာ လေးလံသော ခြေလှမ်းများဖြင့် ပင်ကျကွဲသွားသော သောက်တော်ရေခွက်များကို
သိမ်းဆည်းရှင်းလင်းလိုက်ရပါတော့သည်...
နိမိတ်ပြခြင်းလော..တိုက်ဆိုင်မှုပင်လောမသိ
ထိုနေ့..ညနေစောင်းမှာပင် အိမ်ရှေ့သို့ ကားတစီး
ထိုးဆိုက်လာကာ ကားပေါ်မှတပ်ရင်းမှူးကတော်
ဆင်းလာလေသည်...
"ဟင် ...မမတို့ပါလား ထိုင်ပါရှင့် မမ ..ထိုင်ပါ"
"ဘာအကြောင်းများရှိလို့ပါလိမ့် "....ဟုနှင်း
စိတ်ထဲ တွေးတောနေရင်း
တပ်ရင်းမှူး ကတော်ကြီးမှ စိတ်မကောင်းဖြစ်သော မျက်ဝန်းများဖြင့်ကြည့်လာလေသောအခါ
နှင်းရင်ထဲ ဗလောင်ဆူမိလေပြီ...
" ဟင့်အင်း.....
ဒီမျက်ဝန်း..ဒီမျက်ဝန်းတွေနဲ့မကြည့်ပါနဲ့..
နှင်းသိနေတယ်..မကြားချင်ဘူး..
ဘာမှမကြားချင်ဘူး"
နှင်း ...နှင်းစိတ်ထဲ
တစ်ခု ခု ကြိုသိနေသလိုပဲခံစားနေမိရပါပြီ....
ထိုစဉ် တပ်ရင်းမှူးကတော်မှ......
''ညီမလေး စိတ်မထိခိုက်နဲ့နော်...
စိတ်ခိုင်ခိုင်ထားပြီး မမတို့ပြောတာနားထောင်နော်
အခုပဲ..ဗိုလ်ကြီးဝင်းစိုးတယောက် ရှေ့တန်းတနေ
ရာမှာ တိုင်းပြည်အတွက် အသက်ပေးလှူသွား....."
နှင်းမကြားတော့ပါ......
ဘာမှမကြားရတော့ပါ..အသံတို့သည် တဖြေး
ဖြေးဝေး၍ဝေး၍ သွားလေပြီ....
"ဟဲ့ဟဲ့ ....လုပ်ကြပါဦး ... ဒီမှာ နှင်းနှင်းမေ့လဲသွားပြီ "
"ကုတင်ပေါ်ပွေ့ကြပါဦး"
"ရှုဆေးမြန်မြန်ပေး "
"နှင်းနှင်း ညီမလေး သတိထားပါ ကွယ်"
အားလုံး ခြေမကိုင်မိလက်မကိုင်မိနှင့်ဝိုင်းဝန်းပြုစုကြ
မှပင်နှင်းတစ်ယောက်သတိပြန်လည်လာ
တော့သည်..။
နှင်းသည်...သတိပြန်လည်လာပြီးနောက်
အိပ်ပျော်နေသော သားနဲ့သမီး ကို ကြည့်ရင်း
ပူဆွေးမှုသောကအဟုန်ကြောင့် မျက်ဝန်းအစုံမှ
မျက်ရည်များ တလိမ့်လိမ့်ကျလာလေ၏..။
အားကိုးရာ မြင့်မိုရ်တောင်ကြီး ပျောက်ကွယ်သွားလေပြီ ...
"မောင်ရယ်......နှင်းတို့သားအမိတစ်
တွေကို ခွဲထားရစ်ခဲ့ပြီပေါ့နော်...
နှင်းတို့ကို စိတ်ချမယ်နော်လို့ ပြောသွားတာ
တစ်သက်လုံးအတွက် အပြီးအပိုင် နှုတ်ဆက်စကားဆိုခဲ့တာပေါ့နော်..
နှင်းရင်တွေကွဲခဲ့ရပါပြီမောင်ရယ်"်
~~~~~~~~~~~~~~~~~~
သို့နှင့်ရက်လည်မပြီးခင်နေ့ရက်တွေမှာ
ထူးခြားမှုလေးတွေ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပါသည်...
ဖြစ်ပုံမှာ......
နှင်းသည် ဗိုလ်ကြီးဝင်းစိုးတို့စစ်ဆင်ရေးထွက်ပြီး
နောက်တစ်နေ့တွင် ခင်ပွန်းသည်မရှိခိုက် မိဘများနေထိုင်ရာအောင်ပန်းအိမ် သို့
ခေတ္တပြန်မည်ဖြစ်၍ ခင်ပွန်းသည်၏သူငယ်ချင်း
ဖြစ်သူ ဗိုလ်ကြီးဝင်းအောင်မိသားစု အိမ်တွင်
(လုံခြုံရေးစိတ်ချရစေရန်)သေတ္တာများကိုအပ်
နှံထားရာမှ....။
ဗိုလ်ကြီးဝင်းစိုးကျဆုံးသောနေ့..ညပိုင်းတွင်
ထိုအိမ်၌..မိသားစုအားလုံးအိမ်ရှေ့တွင်ရှိနေကြခိုက်
နောက်ဖက်မီးဖိုခန်းဆီမှ...
''ခွမ်းးးးးးးး "ကနဲအသံတစ်ခုကို ပီပီပြင်ပြင်ကြားလိုက်ကြရလေသည် ...။
"ဟဲ့ မီးဖိုခန်းထဲက ဘာသံလဲ..
သွားကြည့်စမ်း မနွယ်.."
"ဟုတ်......ဟုတ်"
အိမ်အကူမလေးမိနွယ်အပြေးတပိုင်းသွားကြည့်ရာမှအမောတကောပြန်ပြေးလာပြီး ပြောသည်..
"ဒေါ်လေး.. အံ့သြစရာကောင်းလိုက်တာ...
စားပွဲပေါ်ကနေ ပန်းကန်တွေ အထပ်လိုက်ကြီးပြုတ်ကျတာ တစ်ချပ်မှမကွဲဘူး"
မနွယ်စကားဆုံးသည်နှင့်အိမ်သားအားလုံး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
သဘောပေါက်လိုက်ကြပြီး
ကြက်သီးများလည်း ထလာကြတော့သည်...။
အဘယ်ကြောင့်ဆိုသော ဗကဝင်းစိုးမိသားစုနှင့်
ဤအိမ်သည် နှစ်အိမ့်တစ်အိမ်ဖြစ်နေပြီး အမြဲဝင်ထွက်သွားလာနေကြသောကြောင့်ပင်..။
နောက်တစ်ဖန်.....ထိုနေ့ည..
အိမ်သားအားလုံးအိပ်မောကျတိတ်ဆိတ်နေချန်
ဝယ်..ရုတ်တရက် အိမ်အကူ မနွယ်ထံမှ
ကြောက်လန့်တကြားနှိုးသံထွက်လာသည်...။့
''ဇင်ဇင်ရေ ဇင်ဇင် ထပါဦး ..."
ဇင်ဇင်က မနိုး...မနွယ်က ထပ်မံ၍ အဖွားကိုနှိုးပြန်သည်..
"ဖွားဖွားကြီး ...ဖွားဖွားကြီး ...ထပါဦး သရဲခြောက်ခံရလို့ သမီးကြောက်လို့ပါ..."
ထိုအခါ အဖွားဖြစ်သူမှ နိုးလာပြီး ....
''ဟဲ့ ..မိနွယ်....
ဘာဖြစ်လို့လဲ...ပြောစမ်း ဘာဖြစ်တာလဲ"
ထိုအခါမှမနွယ်သည် အားရပါးရ ခြုံးပွဲချ ငိုယိုလျက်....့
''အီး ဟီး ဟီး သမီးခြေထောက်ကို လှမ်းဆွဲခံရ
သလို ဖြစ်ပြီးနိုးလာလို့ ကြည့်လိုက်တော့
ဦးဝင်းစိုးရယ်...ခြေရင်းမှာ သူတို့သေတ္တာ ကို
လက်ညှိုးထိုးပြပြီး ပျောက်သွားတယ်
သမီးကြောက်တယ် အဲ့ဒီကုတင်မှာ မအိပ်ရဲတော့ဘူး"
ဟုပြောလေသည်.. ။
ထိုအခါမှ ဇင်ဇင်က အိပ်မှုံစုံမွှားဖြင့် နိုးလာပြီး...
"ဟင် ဘယ်မှာလဲ ...ငါကြောက်တယ်နော်
ငါအလယ်မှာအိပ်မယ် ... နင် က ဘေးမှာအိပ် လာလာ "......
ဆိုပြီး သုံးယောက်သား
လုံးထွေး၍ အိပ်ကြရလေတော့သည်..။
~~~~~~~~~~~~~~~~~~~~
ထိုစဉ်နှင်းအိမ်တွင်လည်းထိုနည်းနှင်နှင်ပင်..
မောင့်အတွက်ရက်လည်ဆွမ်းသွတ်ရန်မိသားစုစုံစုံ
ညီညီရောက်ရှိနေကြလေပြီ
[မိသားစုဆိုသော်လည်း မောင့်မိဘတွေမှာ
ငယ်စဉ်ကပင် ဆုံးပါးသွားပြီးနောက်
နှင်းဖေဖေနဲ့မေမေတို့ကပဲ လိမ္မာရေးခြားရှိလှတဲ့
ဥတစ်လုံးတစ်ကောင်ကြွက် မောင့်ကိုခေါ်ယူမွေးစားပညာသင်ပေးခဲ့ရာမှ နှင်းနဲ့မောင်လည်း တစ်ဦးပေါ်တစ်ဦး
မေတ္တာသက်ဝင်ပြီး လက်ဆက်ခဲ့ကြသည်ဖြစ်ခြင်းကြောင့်
ယခုလာသူများမှာနှင်းဖေဖေမေမေနှင့်
မောင်လေးတို့သာဖြစ်လေသည်]
်
ရက်မလည်ခင်တစ်ရက် .........
မိသားစုဝင်အားလုံးအိမ်နောက်ဖက်တွင် မနက်ဖြန်ရက်လည်ဆွမ်းကပ်ရန်အတွက်အားလုံး
ဝိုင်းဝန်းချက်ပြုတ်လုပ်ကိုင်နေကြသောကြောင့်
အိပ်ပျော်နေသောနှင်း၏သားငယ်လေးကို
အိမ်ရှေ့ခန်းရှိပုခက်ထဲတွင်ထည့်သိပ်ထားရာမှ
ကလေးနိုးလာသောကြောင့်အော်ငိုသံအဆက်မ
ပြတ်ကြားနေရရာ ရုတ်တရက် ငိုသံတိတ်သွား
သဖြင့် အားလုံးလှမ်းကြည့်မိကြသောအခါ ကလေးပုခက်မှာတစ်စုံတစ်ယောက်မှ
လွှဲပေးနေသကဲ့သို့သူအလိုလိုလွှဲနေသည်ကို မြင်ရလေတော့သည်..
မောင်သည်အနီးအနားတွင်ပင်ရှိနေပြီး
ဖခင်တစ်ယောက်၏.... သေဆုံးပြီးနောက်တွင်ပင်သားသမီးအပေါ်
မပြတ်နိုင်သောသံယောဇဉ်ကိုတွေ့မြင်သတိထား
မိကြသူမိသားစုဝင်အားလုံး စိတ်မကောင်းဖြစ်စွာ
ဝမ်းနည်း ငိုကြွေးမိကြ လေတော့သည်
ထိုအထဲတွင် ကြေကွဲဝမ်းအနည်းရဆုံးသူကတော့
နှင်းသာပင်....။
သို့နှင့်နောက်ရက်ဆွမ်းသွတ်မည့်နေ့..... အာရုဏ်တက်ချိန်တွင် နှင်းမေမေက
နှင်းတို့ကုတင်ခြေရင်းတွင် လူတစ်ယောက် စောင်ကိုခေါင်းမြှီး လုံအောင်ခြုံပြီး အိပ်နေသည်ကို တွေ့ရပြန်၏....။
သားငယ်အမှတ်ဖြင့်....
''ဟယ်...ဒီကောင်လေး..သားငယ် ...ဒီခြေရင်းကြီး ဘာလို့လာအိပ်နေရတာလဲ ..ထထ... ဒီဘက်လာအိပ် ...အမေ ပြင်ပေးမယ်"
နှင်းမေမေကပြောပြောဆိုဆိုတစ်ဖက်ခန်းသို့ဝင်အလာထိုအခန်းကုတင်ပေါ်တွင်အိပ်နေသောသား
ဖြစ်သူကိုတွေ့ရလေတော့သည်..
"ဟင်..ဟဲ့ သားငယ် ထစမ်း ..အခုန ဟိုဘက် မင့်အကိုနဲ့အမအခန်း ကုတင်ခြေရင်းမှာ
အိပ်နေတာ မင်းမဟုတ်ဘူးလား??"
"ဗျာ ..မေမေကလဲ..မဟုတ်ပါဘူး.. ကျွန်တော်
ဒီမှာ အိပ်နေတာလေ"
"ဟင်....."
နှင်းမေမေချက်ချင်းပင်တစ်ဖက်ခန်းတွင်စောင်
ခေါင်းမြီးခြုံအိပ်နေသူကိုသွားကြည့်သည်..။
မရှိတော့ပါချေ...
"ဟင်...ဒါ..ဒါဆို အဲ့ဒါ ငါ့သားကြီးပေါ့"
ဆိုကာ ချက်ချင်း ရင်ထဲ လှိုက်ဆို့လာပြီး
ဝမ်းနည်းမျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာ
တော့သည်....။
''အမလေး ငါ့သားရယ်......
ငါ့သားသေတာအမေမယုံလို့...အမေ ယုံအောင်သက်သေပြလိုက်တာလားကွယ်...
အမေ့ရင်ထဲ မချိလိုက်တာ သားရယ်
သားအတွက် ဒီနေ့ရက်လည်ဆွမ်းသွပ်မယ်..
ငါ့သား သာဓုခေါ်ဖို့ ပြင်ထားနော်
သမီးနဲ့ မြေးလေးအတွက်လည်း စိတ်ချပါ သားကြီးရယ် "စသည်ဖြင့်တတွတ်တွတ်ရေ
ရွတ်လျက်....
နှင်းကိုယ်တိုင်လည်း ထိုအချိန်တွင် အမေ့ကို နှစ်သိမ့်ဖေးမရင်း မိမိကိုယ်တိုင်ရင်နှင့်မဆန့်အောင် ကြေကွဲဝမ်းနည်းမှုအပြည့်နဲ့သာပင်...
~~~~~~~~~~~~~~~~~~~~~~~~~
ဘုန်းတော်ကြီး များ ကြွလာကြလေပြီ...
သို့နှင့်...ဆွမ်ကပ်၍တရားတော်များနာယူကာ
မောင်နှင့်တကွ မကျွတ်မလွတ်သေးသော
ပုဂ္ဂိုလ်များအား ကုသိုလ်အဖို့ဘာဂကို အမျှအတန်းပေးဝေခဲ့ပါသည်...။
"မောင်ရေ ....အမျှ အမျှ အမျှယူပြီး လွတ်ရာ
ကျွတ်ရာ ဘုံဘဝကို အမှီတွယ်ကင်းကင်း
နဲ့သွားပါ တော့မောင်ရယ်"
နှင်း၏မျက်ရည်များကြားမှ အမျှဝေသံမှာကြေကွဲ
ဆို့နင့်တိမ်ဝင်လျက်.....
ထို့နောက်တွင်တော့....မောင်တစ်ယောက်
ကောင်းရာဘုံဘဝရောက်ရှိသွားပြီဟုယူဆရလေသည်....အရိပ်အယောင်အသံအသက် လုံးဝမတွေ့မမြင်ရတော့ပါပေ....။
~~~~~~~~~~~~~~~~~~~~~~~~
"နှင်းတို့ဒီနေ့ ....အောင်ပန်းကို အပြီးပြန်တော့မယ်မောင်...နှင်းလေ ခုချိန်ကစပြီး မောင့်ရဲ့ဂုဏ်သိက္ခာအတွက်ရော ..သားနဲ့သမီးရဲ့အားကိုးရာအစစ်ဖြစ်စေဖို့အတွက်ပါ
နောက်ထပ်ဘယ်လိုအမှီအတွယ်ကိုမှထပ်မရှာ
တော့ပဲမောင့်ရဲ့ဇနီးကောင်းတစ်ယောက်အဖြစ်
သားနဲ့သမီးရဲ့မိခင်ကောင်းအဖြစ်
အားမာန်အပြည့်နဲ့ ဘဝကို တစ်ယောက်ထဲပဲ
ဆက်လက်လျှောက်လှမ်းပါတော့မယ်လို့
မောင့်ကို အလေးအနက်ကတိပေးပါတယ်
မောင်ရယ်......မောင်နေခဲ့တော့နော်...
နှုတ်ဆက်ခဲ့ပါတယ်..
နောင်ဘဝတွေဆိုတာများ
ရှိခဲ့ရင်မောင်နဲ့ပြန်ဆုံချင်ပါသေးတယ်...
မောင်ရယ်..""
~~~~~~~~~~~~~~~~~~~~~~~~~
(ပြီးပါပြီ)
Credit to Akary lay
No comments:
Post a Comment