အာနန္ဒာဘုရားသမိုင်း
+++++++++++
အနော်ရထာမင်းကြီးထံ ဥဿမင်းသည် ဂျွန်းစစ်သည်များအား တိုက်ခိုက်ရာတွင် အောင်နိုင်ခြင်းကြောင့် သမီးတော် မဏိစန္ဒာကို နှစ်ပြည်ထောင်ချစ်ကြည်ရေး မျှော်ကိုးကားပြီး ဆက်သလိုက်သည်။ လမ်းခရီးတွင် ကျန်စစ်သားမှာ ဖခမည်းတော် အတွက် ဆက်သလိုက်သော မဏိစန္ဒာမင်းသမီးအား ကြီးမှူးစောင့်ကြပ်ရင်း ချစ်ကြိုးသွယ်မိ၍ ရာဇဝတ်ဒါဏ် သင့်ရချေ၏။ သို့ဖြင့် အနော်ရထာမင်းကြီးသည် ညီလာခံခန်းမဆောင်ရှိ မှူးမတ်ဗိုလ်ပုံအလယ်တွင် နှောင်တည်းခံထားရသည့် ကျန်စစ်သားအား အပြစ်ပေးသည့်အနေဖြင့် လက်စွဲတော် အရိန္ဒမာလှံဖြင့် အားကုန်ပစ်ခတ်တော့၏။ သို့သော် အရိန္ဒမာလှံသည် ကျန်စစ်သား၏ ခန္ဓာကိုယ်ကို မထိဘဲ တည်းနှောင်ထားသည့် ကြိုးထုံးကို ထိကာ ကြိုးသည် တမုဟုတ်ချင်း ပြေလေသည်။ ညီလာခံအတွင်းရှိ မှူးမတ်ဗိုလ်ပါတို့အားလုံး အံ့အားသင့်နေကြစဉ်မှာပင် ကျန်စစ်သားသည် အရိန္ဒမာလှံကို ကောက်ယူပြီး နန်းတော်ထဲမှ ထွက်ပြေးလွတ်မြောက်သွားတော့၏။ မကြာမီ ကျန်စစ်သားသည် ဧရာဝတီမြစ်ကမ်းနံဘေး စုက္ကတေး ဆိပ်ကမ်းသို့ ရောက်ရှိသွားပြီး လှေတစ်စီးကို တွေ့၍ တားရာ မရသဖြင့် လှံဖြင့် လှေဦးသို့ လှမ်းပစ်တားကာ လိုက်ခဲ့သည်။ ဧရာဝတီမြစ်ပြင်ကိုကြည့်ရင်း မဏိစန္ဒာမင်းသမီးလေးကို မြင်ယောင်မိသည်။
ဧရာဝတီမြစ်တစ်ဘက်ကမ်းသို့ ရောက်သောအခါ ကမ်းပေါ်သို့ ခုန်တက်လိုက်သည်။ တောအုပ်ရှိရာ လျှောက်လာရင်း တောအုပ်အတွင်းမှ ရန်သူများ ထွက်လာ၍ ပတ်လည်ဝိုင်းထားလေသည်။ ဖခမည်းတော်၏ လက်ရွေးစင်တပ်များဖြစ်သော အိန္ဒိယနိုင်ငံမှ သစ္စာခံအမှုထမ်းများဖြစ်ကြသည်။ တိုက်ခိုက်ကြရင်း ကျန်စစ်သားသည် ပေါင်တွင် ဒဏ်ရာရရှိသွားသည်။ သွေးထွက်လွန်မေ့မြော့သွားလေသည်။ သတိရသောအခါ ဘေးတွင် မိန်းမပျိုလေးတစ်ယောက်ကို တွေ့ရလေသည်။ စုံစမ်း မေးမြန်းလိုက်သောအခါ ပြုစုစောင့်ရှောက်ခဲ့သူမှာ ကြောင်ဖြူရွာသူလေး သမ္ဘူလဖြစ်လေသည်။ အမိအဘများ မရှိတော့၍ ရှင်မထီးမထေရ်က ကျွေးမွေးစောင့်ရှောက်ထားလေသည်။ ကျန်စစ်သားသည် ကျေးတောသူလေး သမ္ဘူလနှင့် အနေနီးရင်း သံယောဇဉ်ဖြစ်ကာ ချစ်ခင်စုံမက်ခဲ့ရလေတော့သည်။ ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ရလေသည်။ အနော်ရထာမင်း ကျွဲခတ်ခံရ၍ ကံတော်ကုန်ပြီး စောလူးမင်းနန်းတက်ပြီဟု သတင်းကြားရလေသည်။ ပုဂံရွှေနန်းတော်ဆီသို့ မပြန်တော့ဘဲ သမ္ဘူလနှင့်အတူ နေထိုင်ရင်း လယ်အလုပ်လုပ်ကိုင်နေခဲ့သည်။
တစ်နေ့ ပုဂံရွှေနန်းတော်မှ ဝန်ကြီးအချို့နှင့် မှူးမတ်ဗိုလ်ပါများ ခြံရံကာ ကျန်စစ်သားထံ ရောက်ရှိလာခဲ့ကြသည်။ စောလူးမင်းက ကျန်စစ်သားအား ပုဂံရွှေနန်းတော်သို့ ပြန်လည်ခေါ်ယူပြီး မူလရာထူးပြန်လည် ခန့်အပ်တော်မူသည်။ ကိုယ်လေးလက်ဝန်ရှိနေသော သမ္ဘူလအား ယောက်ျားလေးမွေးရင် ဤပတ္တမြားလက်စွပ်ကို ယူပြီး ပုဂံနေပြည်တော်ကို လိုက်ခဲ့ပါ။ တကယ်လို့ မိန်းကလေးမွေးခဲ့ရင် လက်စွပ်ကို ရောင်းချပြီး အသက်မွေးနေထိုင်ပါတော့ဟု လက်မှ ပတ္တမြား လက်စွပ်ကို ပေးခဲ့၏။ စောလူးမင်းသည် တိုင်းရေးပြည်ရာထက် ကြွေအန်ကစားခြင်းကိုသာ ခုံမင်ခဲ့သည်။ စောလူးမင်းသည် ပဲခူးစားငရမန်နှင့် ကြွေကစားရင်း "ယောက်ျားဆိုရင် ပဲခူးနယ်က ပုန်ကန်ပါတော့လား"ဟု ဆိုမိလေသည်။
ပဲခူးစားငရမန်သည် ပုဂံရွှေနန်းတော်ကို ပုန်ကန်၍ စစ်ထိုးရန် ပြင်ဆင်လေသည်။ ပုဂံစစ်တပ်နှင့် ပုန်ကန်သူ ပဲခူးစားငရမန်၏တပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်မြေပြင်သို့ စောလူးမင်းသည် ကျန်စစ်သား တားသည့် ကြားမှ လိုက်ပါခဲ့သည်။ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေသည့် ပုဂံတပ်ကြောင့် ပဲခူးစား၏ တပ်များ နောက်သို့ ဆုတ်ရတော့၏။ ငရမန်၏ စစ်ပရိယာယ်သုံးသည့်အကြံကို မသိသော စောလူးမင်းသည် ဆက်လက်တိုက်ခိုက်လေသည်။ စောလူးမင်းဦးဆောင်သော ပုဂံစစ်သည်တို့ ညအမှောင် ရွှံ့နွံအိုင်များထဲတွင် ပဲခူးစားတို့ တိုက်ခိုက်မှုကို အလူးအလဲခံလိုက်ရပြီး စောလူးမင်း ပဲခူးစား ငရမန်၏လက်တွင် ဖမ်းဆီးခံရလေတော့သည်။ ကျန်စစ်သားသည် ညီတော်စောလူးမင်းကို သွားရောက်ကယ်တင်ရန် ကြိုးစား တော့သည်။ ပဲခူးတပ်သားများ ပျားပန်းခတ်အောင် အစောင့်အကြပ်ချထားသည့်မှ စောလူးမင်းအား ချုပ်နှောင်ထားသော အချုပ်ခန်းအတွင်း ဝင်ရောက်နိုင်ခဲ့သည်။
ကျန်စစ်သားသည် စောလူးမင်းအား ပုခုံးထက်ပွေ့တင်ပြီး ထွက်ပြေးရန် ပြင်လေသည်။ စောလူးမင်း စိတ်ထဲတွင် အတွေးတစ်ခုဝင်ရောက်လာသည်။ "ကျန်စစ်သားသည် မင်းပြစ်ဒဏ်သင့်ရှောင်နေရသူ၊ ငါရဲ့မိဖုရားကြီး မဏိစန္ဒာရဲ့ ငယ်ချစ်ဦး တန်တော့ ကျန်စစ်သား ငါ့ကို သတ်ဖို့ပဲ။ ငရမန်သည် ငါရဲ့ နို့စို့ဖက်၊ ငါ့အား သတ်မည်မထင် ငါမရှိလျှင် နန်းပလ္လင်ဟာ သူ့အတွက်ပဲ" ဟု တွေးမိပြီး "ကျန်စစ်သား ငါ့အား ခိုးယူနေပြီ" ဟု အော်ဟစ်လေသည်။ ကျန်စစ်သားလည်း "မိုက်မဲလှသော စောလူးမင်း ရန်သူ့လက်တွင်း သေရစ်တော့" ဟုဆိုပြီး ထားခဲ့လိုက်သည်။ ပဲခူးနယ်စား ငရမန်သည် စောလူးမင်းအား အဆုံး စီရင်လိုက်သည်။ ထိုသတင်းကြောင့် ကျန်စစ်သားသည် ပုဂံနန်းပလ္လင်ကို သိမ်းပိုက်စိုးစံခဲ့ရလေသည်။ ကျန်စစ်သား နန်းတက်ပြီး ပုန်ကန်သူပဲခူးစားငရမန်ကို အပြီးတိုင် ချေမှုန်းသုတ်သင်ခဲ့လေ၏။
စစ်မှန်သော သာသနာကို ယူဆောင်လာခဲ့သော ရှင်အရဟံကိုယ်တော်ကြောင့် ပုဂံမြေတွင် ဗုဒ္ဓသာသနာတော် ထင်ရှား တောက်ပလာခဲ့လေသည်။ ကောဇာသက္ကရာဇ်(၄၄၆)ခုနှစ်၊ ခရစ်နှစ်(၁၀၈၄)ခုတွင် ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ရှိ ပြည်သူ ပြည်သားတို့အား ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်တော်မူလေသည်။ ပြည်သူအပေါင်းတို့အား လက်ယာ လက်ဖြင့် ဆန်၊ စပါး၊ စားသောက်ဖွယ်ရာတို့အား ပေးပြီး လက်ဝဲ လက်ဖြင့် အဝတ်ပုဆိုးတန်ဆာတို့အား ပေးလေသည်။ စစ်ဘေးဒဏ်ကြောင့် အရပ်တပါးရောက်နေသော ပုဂံသူ၊ ပုဂံသားတို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဆည်မြောင်းချောင်းကန်များကို ပြန်လည် ပြုပြင်ဆည်ဖို့စေသည်။ နှစ်ကာလအချိန်တိုအတွင်းမှာပင် ပုဂံရွှေမြို့တော်သည် စည်ပင်ဝဖြိုးလာခဲ့တော့သည်။
တစ်နေ့ ရှင်အရဟံမထေရ်မြတ်သည် ရွှေနန်းတော်သို့ ကြွမြန်လာခဲ့ပြီး "ဒါကာတော်မင်းမြတ် အသင့် ဖခမည်းတော် မပြီးပြတ်ရှိခဲ့သည့် ရွှေစည်းခုံစေတီတော်ကို ဆက်လက်ပြုပြင်တည်ဆောက်ရန် အကြံမရှိပေဘူးလား" မေးလေသည်။ ကျန်စစ်သားလည်း "မှန်ပါ့ဘုရား တာဝန်ယူတည်ဆောက်ပါ့မယ်ဘုရား" ဟု လျှောက်ထားလေသည်။ ရွှေစည်းခုံစေတီတော် ပြန်လည်ပြုပြင်တည်ဆောက်ကြလေရာ ကျန်စစ်သားမင်းလက်ထက်တွင် ကြည်ညိုဖွယ်ရာ ရွှေစည်းခုံစေတီတော်မြတ်ကြီး ပြီးမြောက်အောင်မြင်ခဲ့ရလေသည်။ ရွှေစည်းခုံစေတီတော်အား အထပ်ထပ် ကြည်ညိုရင်း စိတ်အကြံတစ်ခု ပေါ်ပေါက်ခဲ့သည်။ "ငါ၏လက်ထက်တွင် သီးခြားစေတီတည်ရသော် ကောင်းလေအံ့"ဟု တွေးရင်း တစ်နေ့ လေသာပြတင်းတံခါးတွင် ရပ်နေစဉ် ကြည်ညိုဖွယ်အဆင်းရှိသော ရှစ်ပါးသော အရှင်မြတ်တို့သည် နန်းတော်သို့ ဆွမ်းခံကြွရပ်တော်မူလေသည်။ ကျန်စစ်သားမင်း သည် ကြည်ညိုလွန်းလှ၍ နန်းရှေ့ထွက်မေးလျှောက်တော်မူသည်။ "အရှင်ဘုရားတို့ အဘယ်အရပ်မှ ကြွတော်မူလာပါသလဲ ဘုရား" "အသင်ဒါကာတော်မင်းကြီး အရှင်တို့သည် ဟိမဝန္တာတော၊ ဂန္ဒာဒနတောင်၊ နန္ဒမူလလှိုဏ်ဂူမှ အသင်မင်းကြီး၏ နန်းတော်သို့ ဆွမ်းခံကြွတော်မူပေသည်" မကြာမီအချိန်တွင်း ကျန်စစ်သားမင်းကြီးသည် နန်းဦးဆောင်၌ ရဟန္တာအရှင်မြတ် (၈)ပါးအား ဆွမ်းကပ်လှူလေသည်။
ကျန်စစ်သားမင်းသည် "အရှင်ဘုရားတို့ သီတင်းသုံးနေထိုင်တော်မူသည့် နန္ဒမူလလှိုဏ်ဂူ၏ ပုံသဏ္ဍာန်ကို တပည့်တော်အား ဖန်ဆင်းပြသတော်မူပါဘုရား" ဟုလျှောက်ထားသည်။ ရဟန္တာအရှင်မြတ်တို့လည်း တန်ခိုးဖြင့် ဖန်ဆင်းပြ လေသည်။ ကျန်စစ်သားမင်းသည် ကြည်ညိုနှစ်သက်လွန်းလှသဖြင့် "တပည့်တော် ဤနန္ဒမူလလှိုဏ်ဂူတော်အတိုင်း ကောင်းမှုတော်ဘုရားတစ်ဆူ တည်လိုပါသည်ဘုရား၊ အရှင်ဘုရားတို့မှ တပည့်တော်အား စောင်မကူညီတော်မူပါဘုရား" လျှောက်ထားလေသည်။ နန်းတွင်းပန်းချီကျော်များအား ခေါ်ယူစေပြီး နန္ဒမူလလှိုဏ်ဂူအား ပုံတူကူးယူ ရေးဆွဲစေသည်။ ပြီးနောက် အရှင်မြတ်(၈)ပါးတို့သည် မိမိတို့တရားကျင့်ကြံရာအရပ်သို့ ကောင်းကင်ခရီးမှ ဈာန်ဖြင့် ပြန်လည်ကြွမြန်းတော် မူလေသည်။
ရဟန္တာအရှင်မြတ်တို့ ပြသခဲ့သော နန္ဒမူလလှိုဏ်ဂူတော်ပုံစံရရှိသော် "အဘယ်အရပ်၌ တည်လျှင် ကောင်းလေအံ့" ဟု အတွေးပေါ်ပြန်သည်။ ကျန်စစ်သားမင်း တွေးလိုက်သောကြောင့် တာဝတိံသာရှိ သိကြားမင်း၏ ပဏ္ဏုကဗ္ဗလာမြကျောက်ဖျာ တင်းလေတော့၏။ သိကြားမင်းလည်း ကျန်စစ်သားမင်းအား သာသနာအနှစ်(၅၀၀၀)တည်တံ့ရန် နေရာရွေးပေးခဲ့သည်။ သက္ကရာဇ်(၄၅၂)ခုနှစ်တွင် အာနန္ဒာဘုရားတည်ဆောက်ရန် အရပ်ရပ်မှ ပန်းရံအလုပ်သမား လေးသောင်းအား ခေါ်ယူလေသည်။ ဗိဿုကာပညာရှင် လေးရာဖြင့် အာနန္ဒာဘုရားအား အနုစိတ်လက်ရာတို့ဖြင့် ရေးဆွဲကြသည်။ အပါးလေးဆယ်သော ရဟန္တာသူမြတ်တို့အား ဌာပနာတိုက်တစ်မျက်နှာကို ဆယ်ပါးစောင့်ကြပ်သီတင်းသုံးပေးရန် လျှောက်ထားလေသည်။ စတုလောကပါလနတ်မင်းကြီးလေးပါးတို့လည်း စောင့်ရှောက်ကြလေသည်။ စသစရောဘီလူးမင်း၊ အာဋ္ဌာဝကဘီလူးမင်းတို့ အား သိကြားမင်းကိုယ်တိုင် စီမံကွပ်ကဲလေသည်။ ဘီလူးမင်းတို့အား ပင်လယ်တွင်းရှိ နဂါးရစ်ကျောက်တို့ကို အာနန္ဒာစေတီ တည်ဆောက်ရန် သယ်ယူစေသည်။
ကုမ္ဘဏ်အနွယ်ဘီလူး(၄၀၀၀)တို့သည် နဂါးရစ်ကျောက်များကို မုဒ်လေးမုဒ်တည်ဆောက်မည့်နေရာ၌ စုပုံထားရှိ ဆောက်လုပ်ကြလေသည်။ အလယ်မဏ္ဏိုင်ဆောက်လုပ်ရန် ရက္ခိုသ်နွယ်ဝင် ဘီလူးတို့အား သီတာမြစ်ရေနှင့် ဂန္ဓမာဒနတောင် မြေ၊ ဗောဓိမြေတို့ရောကာ သရွှတ်ကိုင်စေသည်။ ဗုဒ္ဒဘုရားရှင်၏ဖြစ်စဉ်ပုံတော်များကို ရွှေစင်များသွန်းလောင်း ဌာပနာ သွင်းစေသည်။ ဗုဒ္ဓဘုရားရှင်၏ ဓါတ်တော်၊ မွေတော်များကို ဌာပနာတိုက်၌ သွင်း၍ ပူဇော်စေသည်။ ကျန်စစ်သားမင်း၏ ရုပ်ထုကိုလည်း ရွှေစင်သွန်းလုပ်၍ အရပ်လေးမျက်နှာ၌ ထားရှိလေ၏။ စကြာဝဋ္ဌာတစ်တိုင်း၌ ရှိကြကုန်သော ရဟန္တာ၊ ဇော်ဂနီနတ်တို့သည် မန္တဓမ္မသတ်၊ ပိဋကတ်ဟူသမျှကို လာရောက်ပို့သကြလေ၏။ ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရား တို့ကိုလည်း သွန်းလုပ်လှူဒါန်းလေသည်။ ကျန်စစ်သားမင်းကြီးသည် ဓါတ်တော်ဌာပနာတိုက်အား မပိတ်သေးဘဲ ကြည်ညို သဒ္ဓါပွားတော်မူ၏။ ထိုအကြောင်းကြောင့် သိကြားမင်းသည် ရဟန္တာအရှင်သူမြတ်တို့အား "တိုင်းရေးပြည်ရွာအရေး မလစ်ဟင်း ရအောင် နားချဆုံးမပေးတော်မူပါဘုရား" ဟု တောင်းပန်လျှောက်ထားလေသည်။
ရဟန္တာအရှင်သူမြတ်တို့၏ ဆုံးမစကားကြောင့် ကျန်စစ်သားမင်းကြီးသည် အာနန္ဒာဘုရားကြီး၏ ဓါတ်တော်ဌာပနာ တိုက်အား ပိတ်တော်မူလေပြီး အာနန္ဒာစေတီတော်မြတ်ကြီးအား ပြီးစီးအောင် တည်ဆောက်စေခဲ့သည်။ အာနန္ဒာစေတီတော် တည်ဆောက်ပြီးစီးသောအခါ ကျန်စစ်သားမင်းကြီးသည် ရေစက်သွန်းချလှူဒါန်းသော် မြေငလျင်ကြီး မြည်ဟီး၊ မိုးကြီး သည်းထန်စွာ ရွာသွန်းလေ၏။ အားလုံးပြီးစီးသွားသောအခါ ကျန်စစ်သားမင်းကြီးသည် ပန်းရံအကြီးအမှူးသားအဖအား "အာနန္ဒာစေတီတော်မြတ်ကြီးသည် သာသနာတော် အနှစ်ငါးထောင်ထိ ခိုင်ခံ့ပါအံ့" ဟု မေးမြန်းလေသည်။ ပန်းရံသားအဖသည် ဆောက်လုပ်ထားသည့် အုတ်များအား ဆင်ဖြင့်နင်းစေပြီး ဆင်နင်းသည့်အုတ်များအောက်တွင်နေ၍ စမ်းသပ်ပြလေသည်။ ထိုစဉ် အုတ်တစ်ချပ်ကျလာစဉ် ပန်းရံအကြီးအမှူးက လက်ဖြင့်ကာလိုက်ရာ မူလအုတ်အတိုင်းပြန်လည်တည်ရှိလေသည်။ ပန်းရံသားအဖအား ဆုလာဘ်တော်များ ချီးမြှင့်လေသည်။ တဖန်တွေးမိ၏။ "ငါတည်ထားသော ဤအာနန္ဒာကောင်းမှုတော် စေတီတော်မြတ်ကြီးအား တုပပြု၍မရအောင် ဤပန်းရံသားအဖ၏ လက်အား ဖြတ်ပစ်လျှင်ကောင်းအံ့"တွေးနေစဉ် သိကြားမင်း ဆင်းတားလေသည်။ ပန်းရံသားအဖလည်း ဆင်တူယိုးမှား အတုမလုပ်ပါဟု ကတိကဝတ်ပြုလေ၏။ အာနန္ဒာစေတီတော် မြတ်ကြီးသည် ပုဂံတွင် အလှပဆုံးနှင့် အနုပညာလက်ရာအစုံဆုံးသော ဂူဘုရားကြီး တစ်ဆူဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် အာနန္ဒာဘုရားသည် နာမည်ကျော်ကြားလှပါသည်။ ကမ္ဘာကျော် ရှေးဟောင်းအဆောက်အဦများနှင့် ပတ်သက်၍ ရေးသား ကြသည့် စာအုပ်စာတန်းများမှာပင် ထည့်သွင်းရေးသားဖော်ပြခြင်းခံရပါသည်။ အာနန္ဒာဘုရားဟူသော အမည်နာမကို ညီတော် အာနန္ဒာ၏အမည်ဖြစ်ကြောင်းဟုလည်းကောင်း၊ အနန္တပညာမှ အာနန္ဒာလို့ ပြောင်း၍ ခေါ်ဆိုလာသည်ဟုလည်းကောင်း၊ အချို့ကလည်း အနန်း(ဒ်) အလွန်လှပသောဟု အဓိပ္ပါယ်ရှိသော စကားမှ ဆင်းသက်လာတယ်လို့လဲ ယူဆပြောဆိုကြပါတယ်။
ဘုရား၏ပန္နက်ပုံမှာ ယခုပုဂံတွင်ရှိသော ဂူဘုရားပေါင်း(၂၀၀၀)ကျော် အနက် မည်သည့်ပုံနှင့်မှ မတူဘဲ ကြက်ခြေခတ် ပုံသဏ္ဍာန်ဖြစ်ပါတယ်။ လေဝင်လေထွက်နှင့် အလင်းရောင်ပေးမှုစနစ်ဟာ အတုယူစရာကောင်းပါတယ်။ အသုံးပြုထားတဲ့ အုတ်တွေဟာ စပါးခွံရောနှော၍ ဖုတ်ထားသော အုတ်များဖြစ်ပါသည်။ ပေါင်းကူးခုံများတွင် အုတ်တစ်လှည့် ကျောက်တစ်လှည့် စီထားတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အာနန္ဒာဘုရား၏ ထိပ်ပိုင်းအထွဋ်စေတီမှာ ယနေ့ခေတ်လက်ရာဖြစ်ပါတယ်။ အာနန္ဒာဘုရားမှာ ဆိုရိုးစကားတစ်ခုရှိပါသေးတယ်။ "စေတီရံ တစ်သောင်း၊ မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြှောင်"ပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ စေတီရံပေါင်း တစ်သောင်းရှိတယ်လို့ ဆိုလိုပါတယ်။ မုခ်ပေါင်းတစ်ထောင်ကတော့ မုခ်ကပ်ချိုင့်များ၊ ပြတင်းမုခ်များ၊ တိုးလျှိုပေါက်များ အပါအဝင်ဖြစ်ပါတယ်။ လမ်းသုံးမြှောင်ကတော့ အတွင်းပတ်လမ်းမှာ ရဟန်းသံဃာများ၊ အလယ်ပတ်လမ်းမှာ မင်းမှစ၍ နန်းတွင်း အမှုထမ်းများ၊ အပြင်ပတ်လမ်းမှာ အများပြည်သူများ ဖူးမြှော်ရန်အတွက် သတ်မှတ် ထားတယ်လို့ သိရှိရပါတယ်။
မတ်ရပ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီး(၄)ဆူရှိပြီး အောက်ခြေမှ ဦးခေါင်းတော်အထိ အမြင့်ပေ(၃၁)ပေ(၅)လက်မစီ ရှိပါတယ်။ ပုဂံဒေသမှာရှိတဲ့ မတ်ရပ်ဆင်းတုတော်ကြီးများအနက် အကြီးဆုံးဖြစ်ပါတယ်။ မတ်ရပ်ကိုယ်တော်ကြီး(၄)ဆူမှာ မြောက်ဘက်တွင် ကကုဿန်မြတ်စွာဘုရားကို စကားသားဖြင့်၊ တောင်ဘက်တွင် ကဿဖမြတ်စွာဘုရားကို ထင်းရှူးသားဖြင့်၊ အရှေ့ဘက်တွင် ကောဏဂုံမြတ်စွာဘုရားကို ကျွန်းသားဖြင့်၊ အနောက်ဘက်တွင် နန်းတော်ရှိရာဘက်သို့ ဦးစားပေးသည့် အနေဖြင့် ဂေါတမမြတ်စွာဘုရားအတွက် (ရွှေ၊ ငွေ၊ ကြေး၊ သလွဲစဉ်၊ သလွဲမည်း)တို့ဖြင့် ရောစပ်ထားသော ပဉ္စလောက ဆင်းတုတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပါတယ်။ ပုဂံခေတ်ပျက်သုန်းပြီး အင်းဝခေတ်ရောက်သောအခါ မသမာသူတို့က အနောက် ဘက်မှ ဆင်းတုတော်ကြီးကို ဖျက်ဆီးခဲ့တယ်လို့ မှတ်သားရပါတယ်။ အရှေ့ဘက်ရုပ်ပွားတော်ကြီးမှာ မည်သည့်ခေတ်တွင် ပျက်စီးသွားသည်ကို အတိအကျမသိရဘဲ ညအခါတွင် မီးလောင်ကျွမ်းသွားတယ်လို့ သိရှိရပါတယ်။ တောင်ဘက်နှင့် မြောက်ဘက်ရှိ ဆင်းတုတော်များမှာ မူလလက်ရာဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးများမှာ သင်္ကန်းပိုင်း မပါဘဲ ကိုယ်ထည်ပိုင်းမှာ သစ်သားတစ်လုံးတည်းဖြင့် ထွင်းထားပါတယ်။ တောင်ဘက်ရှိဆင်းတုတော်ကြီးမှာ အနားမှကပ်၍ ဖူးမြော်ပါက မျက်နှာတော်မှာ ခပ်တည်တည်အနေအထားဖြစ်ပြီး အာရုံခံနေရာမှ ဖူးမျှော်ပါက ပြုံးပြီး ကြည်ညိုဖွယ်ရာ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ ဂျပန်ခေတ် အတွင်းက ဂျပန်များသည် အာနန္ဒာစေတီတော်ပုံကို မြတ်နိုးနှစ်သက်လွန်း၍ ဂျပန်ငွေစက္ကူတွင် ရိုက်နှိပ်ခဲ့ကြဖူးသည်။ ယခုအခါ အာရှတလွှားသာမက အာနန္ဒာဘုရား၏ ကျော်ကြားမှုဂုဏ်သတင်းသည် ဥရောပတစ်ခွင်တိုင်ခဲ့လေ၏။ နှစ်စဉ်ဘုရားပွဲတော်ကို ပြာသိုလပြည့်နေ့တွင် ကျင်းပကြသည်။ အာနန္ဒာစေတီတော်၏ ရှေးမြန်မာအနုပညာရှင်တို့၏ ဗိဿုကာလက်ရာဖြစ်၍ နောင် နှစ်ပေါင်းများစွာ ကျော်ကြာနေလိမ့်ဦးမည် ဖြစ်ပါသည်။
▇▇▇▇▇▇▇▇▇▇▇▇
အခြားဖတ်ရှုစရာများ
~~~~~~~~
"ရွှေတိဂုံစေတီတော် သမိုင်းအပြည့်အစုံ"
[Clip Here]
__________________
"မြတ်စွာဘုရားမဖြစ်မီ ပါရမီဖြည့်ကျင့်ခဲ့သော ဖြစ်တော်စဉ်ဘဝများ"
[Clip Here]
No comments:
Post a Comment